ဖောရောင်နေတာ နှလုံးရောဂါကြောင့်လား
ခြေတွေလက်တွေ ဖောနေအမ်းနေတယ် နှလုံးရောဂါဖြစ်နေတာလား၊ ဆေးစစ်ကြည့်ဦး စသဖြင့် ပြောတတ်ကြပါတယ်။ ဖောရောင်တာဟာ ခြေတွေလက်တွေမှာ အဖြစ်များပေမယ့် မျက်နှာ၊ ဝမ်းဗိုက်၊ ကျောရိုးတစ်လျှောက်နဲ့ တစ်ကိုယ်လုံး ဘယ်နေရာမဆို ဖောရောင်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေထဲမှာ အရည်တွေစုလာတာကို ဖောရောင်တယ်လို့ ခေါ်ပြီး ကိုယ်ဝန်ဆောင်တွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။
ဖောရောင်မှန်း ဘယ်လိုသိမလဲ?
ကိုယ့်ခန္ဓာကိုယ် ဖောရောင်နေပြီလားဆိုတာကို အောက်ပါ လက္ခဏာတွေကို စစ်ဆေးခြင်းအားဖြင့် သိရှိနိုင်ပါတယ်။
- ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက တခြားနေရာတွေထက် ကြီးနေ၊ ရောင်နေတာ (ဥပမာ ခြေထောက်တစ်ဖက်က ကျန်တစ်ဖက်ထက် ကြီးနေတာမျိုး)
- လက်နဲ့ဖိလိုက်ရင် နစ်ဝင်သွားတတ်တာ
- ဖောရောင်နေတဲ့ နေရာကတင်းနေ၊ ပြောင်နေတာ
- ခြေထောက်တွေ ဖောရောင်ရင် လမ်းလျှောက်ရခက်တာ
- အနည်းငယ်နာကျင်နေတတ်တာတွေက ဖောရောင်တာရဲ့ လက္ခဏာတွေပါ။
ဒီလို ဖောရောင်တာဟာ နှလုံးကြောင့် ဖြစ်နိုင်ပေမယ့် နှလုံး တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။
ဖောရောင်ရတဲ့ အကြောင်းရင်းတွေက ဘာလဲ?
1. ကမ္ဘာမြေရဲ့ ဆွဲအား
Gravity လို့ခေါ်တဲ့ ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် ဖောင်ရောင်တာ ဖြစ်နိုင်ပါတယ်။ တစ်နေရာတည်းမှာ အကြာကြီးရပ်ရ၊ ထိုင်ရသူတွေ ( အထူးသဖြင့် အဝလွန်တဲ့သူတွေ) မှာ Gravity ကြောင့် အရည်တွေက ခြေထောက်တွေမှာ လာစုပြီး Dependent Oedema လို့ခေါ်တဲ့ ဖောရောင်တာ ဖြစ်လာပါတယ်။
2. သွေးပြန်ကြော အဆို့ရှင်တွေ မလုံတာ
သွေးပြန်ကြောအဆို့ရှင်တွေ မလုံတဲ့အခါ သွေးတွေကို နှလုံးကို ကောင်းကောင်းပြန်မပို့နိုင်ဘဲ Varicosed Veins လို့ခေါ်တဲ့ သွေးကြောတွေဖောင်းပြီး ခြေထောက်တွေ ရောင်လာတာပါ။
3. ရောဂါအခံရှိတာ
နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါတွေရဲ့ လက္ခဏာထဲမှာ ဖောရောင်တာ ပါဝင်ပါတယ်။ နှလုံးရောဂါကြောင့်ဆိုရင် ခြေတွေလက်တွေ အဓိက ဖောရောင်ပြီး ကျောက်ကပ်ကြောင့်ဆိုရင် မျက်နှာနဲ့ မျက်ခွံတွေက စပါတယ်။ နှလုံးနဲ့ ကျောက်ကပ်ကြောင့်ဆိုရင် မောတာ၊ လှဲမအိပ်နိုင်တာ၊ နှုတ်ခမ်းတွေ၊ ခြေတွေလက်တွေပြာတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာ စတဲ့ လက္ခဏာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ သိုင်းရိုက်ဟော်မုန်းနည်းတာကြောင့် ဆိုရင်တော့ တစ်ကိုယ်လုံးဖောရောင်မှာပါ။
4. ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး
အကိုက်အခဲပျောက်ဆေးနဲ့ သွေးကျဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖောရောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
5. အာဟာရချို့တဲ့တာ၊ ဆိုဒီယမ်ဓာတ်များနေတာ
အာဟာရစုံလင်အောင် မစားသောက်တဲ့အခါ နဲ့ ဆားအလွန်အကျွံစားလို့ ဆိုဒီယမ်တွေ ခန္ဓာကိုယ်ထဲမှာ များလာရင်လည်း ဖောရောင်တာ ဖြစ်နိုင်ပါတယ်။
6. ကိုယ်ဝန်ဆောင်ကာလ
ကိုယ်ဝန်ဆောင်လရင့်လာတဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းဝိတ်က များလာတာကို ခြေထောက်ကထမ်းထားရတဲ့အတွက် ခြေထောက်တွေ ဖောရောင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆိပ်တက်ရင်လည်း ခြေထောက်တွေ ဖောရောင်တတ်တာမို့ သွေးပေါင်မှန်မှန်ချိန်ပြီး ကိုယ်ဝန်ဆိပ်တက်မတက် စောင့်ကြည့်သင့်ပါတယ်။
7. တခြားအကြောင်းများ
အထက်ပါ အကြောင်းတွေအပြင် တစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အခါ၊ အပူလောင်တဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါနဲ့ သွေးကြောထဲမှာ သွေးခဲပိတ်နေတဲ့ အခါမျိုးမှာလည်း ဖောရောင်တာ ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖောရောင်တယ်ဆိုတာကို သိမှသာ ကုသလို့ရမှာပါ။
ဖောရောင်တာ ကျဖို့အတွက် ခြေထောက်ကို မြှင့်ထားတာ၊ တစ်နေရာတည်းမှာ အကြာကြီးထိုင်တာ၊ ရပ်တာမလုပ်ဘဲ ကိုယ်လက်လှုပ်ရှားပေးတာ၊ ဆားလျှော့စားတာ၊ အာဟာရစုံလင်အောင်စားတာ၊ ဆေးကြောင့်ဖြစ်တာဆိုရင် ဆေးကိုရပ်တာတွေ လုပ်လို့ရပါတယ်။ နှလုံး၊ ကျောက်ကပ်ရောဂါတွေကြောင့် ဆိုရင်တော့ သက်ဆိုင်ရာအထူးကုနဲ့ တိုင်ပင်ဆွေးနွေးပြီး သေချာကုသမှု ခံယူရပါမယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်